Saturday, October 11, 2014

လိပ်ပြာစစ်တမ်း( ၁)



                                                     
 








                       အခန်း  -၁

 လိပ်ပြာတစ်ကောင်။
  မည်သည့်       အချိန်ကတည်းက     အခန်းထဲတွင်
ပိတ်မိနေသည် မသိ။    
ကျွန်မ မြင်ဖူးနေကျ အရောင်အဆင်းနှင့်မတူ ကွဲပြား
သလို   ဆင်လိပ်ပြာထက်     အတန်ငယ်ကြီးသော
လိပ်ပြာတစ်ကောင်။      အခန်းထောင့်မှာ ရှိသည့်
ရွက်လှပန်းပင်ပေါ်တွင် နားနေသည်။ အရုပ်တစ်ရုပ်
များလား။
ကျွန်မအတွေးကို      ရိပ်မိသည့်အလား   ရုတ်တရက်
ထပျံလိုက်သည်။ ထို့ နောက်  ကျွန်မ၏               ဘယ်
ပုခုံးစွန်းတွင်  လာနားလေသည်။              လိပ်ပြာအစစ်
တစ်ကောင်ပဲ။ ကျွန်မ သူ့ အတောင်ပံ     တစ်ဘက်ကို
ထိတို့ ကြည့်လိုက်သည်။ နူးညံ့သော     အထိအတွေ့ 
က  ကျွန်မကို  ကြည်နူးမိစေပါသည်။ ထိုစဉ် လိပ်ပြာ
သည် ကျွန်မ၏ ညာဘက်လက်ဖျံပေါ်သို့  ပျံသန်းကာ
 နားလိုက်သောကြောင့် သက်တံ ရောင်စုံ     ချယ်ထား
သည့်အလား လှပလွန်းသည့်  တောင်ပံ နှစ်ဘက်စလုံး
ကို အနီးကပ် မြင်တွေ့  လိုက်ရသည်။
 
    "  အို……လှလိုက်တာ   လိပ်ပြာလေးရယ်"
ဟု အသံထွက်ရေရွတ်လိုက်မိသည်။
 ထိုစဉ်
 " ရွှေလိပ်ပြာ "

" ရွှေလိပ်ပြာ"  ဟု ခေါ်သံ ကြားလိုက်ရသည်။
             

ကျွန်မကို ဘယ်သူခေါ်နေပါလိမ့်။ ခေါ်သံသည် အပြင်ဘက်မှ လာသည့်  အသံမဟုတ်။        ကျွန်မတစ်ယောက်တည်းရှိနေသည့်  အခန်းအတွင်းမှ     ကြားနေရခြင်းဖြစ်သည်။ နောက်တစ်ကြေိမ်   ရွှေလိပ်ပြာ
ဟု        ခေါ်သံကြား ချိန်မှာ တော့  အသံရှင်မည်သူ ဆိုသည်ကို         ကျွန်မ သိလိုက်ရ ပါသည်။ သက်တံရောင်လိပ်ပြာလေးက    ကျွန်မကိုခေါ်နေခြင်းပင်။

           လိပ်ပြာက လူစကားပြောသည်ကို  ကြားလိုက်ရ
သဖြင့်   " လိပ်ပြာက  လူစကားပြောတတ်တယ်လား"
ဟု မေးလိုက်မိသည်။  ထိုအခါ သက်တံလိပ်ပြာက  "လူတိုင်းကိုတော့ မပြောပါဘူး လိပ်ပြာဖြစ်မယ့်သူတွေကိုတော့    နိမိတ်ပြပေးရတယ်။   လိုအပ်ရင်  စကားပြောပေးရတယ်"
ဟု ပြောပါသည်။ ကျွန်မ အသံထွက်အောင် ရယ်မော
လိုက်ရင်း " ဒါဆို နောက်ဘဝကျရင် ကျွန်မက
လိပ်ပြာဖြစ်လိမ့်မယ်ပေါ့ ။ ဟုတ်လား"
ဟု ပြောလိုက်သည်။

     "   မင်းသာ ဆန္ဒရှိရင် အခုချက်ခြင်း လိပ်ပြာဖြစ်အောင်
လုပ်ပေးလို့  ရပါတယ်  ရွှေလိပ်ပြာ "

     သက်တံလိပ်ပြာ၏  ပြောစကားကို  ကြားလိုက်
ရချိန်မှာ  ကျွန်မ မှင်တက်မိသွားသည်။ ကျွန်မကိုယ်
ကျွန်မ  ပြန်ဆန်းစစ်ကြည့်သောအခါ  ကလေးဘဝက လိပ်ပြာတစ်ကောင်ကဲ့သို့  ပျံသန်းကြည့်ချင်ခဲ့ဖူးသည့်
စိတ် အမှန်တကယ် ဖြစ်ခဲ့ဖူးပါသည်။    ရွှေလိပ်ပြာဆို
သည့် အမည်ကလည်း ကျွန်မကို   ကိုယ်ဝန်ဆောင်ခိျန်
တွင်ျရွှလိပ်ပြာဟု  အမည်ပေးရန် မေမေ့အား  ခဏခဏ အိပ်မက်ပေးခဲ့သည့်အတွက်      ပေးခဲ့ရခြင်းဖြစ်သည်။ ကျွန်မကို မွေးသည့်နေ့က       အိမ်ခြံဝန်းထဲမှာ  လိပ်ပြာများ   အမြောက်အမြား  တွေ့ ခဲ့ရသည်ကလည်း   ရွှေလိပ်ပြာဟု အမည်ခေါ်တွင် စေခဲ့ရသည့် အကြောင်းအချက်လည်း ဖြစ်သည်ဟု သိခဲ့ရသည်။

     အဓိပ္ပာယ်မရှိတာတွေ။ ပေါက်ကရတွေ ။
မဖြစ်နိုင်တာတွေ။  အိပ်မက် မက်နေတာပဲ နေမှာပါ။
လိပ်ပြာက  စကားပြောတယ်ဆိုကတည်းက စမှား
နေတာ။ အခု လူကို လိပ်ပြာတစ်ကောင် ဖြစ်အောင်လုပ်
ပြမယ်တဲ့။ အလကား အိပ်မက် အစုပ်ပလုတ်။

   " ရွှေလိပ်ပြာ
မင်းအခု အိပ်မက်လို့  ထင်နေတာတွေ
အကုန်လုံး တကယ်ဖြစ်နေတာ။
မင်း တကယ်ဖြစ်နေတယ်လို့  သိနေတာတွေက
အိပ်မက်ဆိုရင် မင်းဘာလုပ်မလဲ "

          သက်တံလိပ်ပြာက ကျွန်မကို   မေးခွန်းထုတ်ရင်း ပြတင်းပေါက်ကနေ ရုတ်တရက် ပျံထွက်သွားလေသည်။
                 
    


                       ***  ***  ***

                           


             အိပ်မက်တို့ မည်သည်       လက်တွေ့ ဘဝနှင့်
ထပ်တူမတူညီနိုင်သည်ကို  ကျွန်မ နားလည်ပါသည်။
သို့ သော်  ကျွန်မနေ့စဉ်ဖြတ်သန်းနေရသော      ပစ္စက္ခ
အနေအထားသည် အိပ်မက်မက်နေခြင်းလား  လက်
တွေ့ နေထိုင်ကျင်လည်နေသည့် ဘဝလား ဆိုသည်
ကို ကိုယ်တိုင်မခွဲခြားနိုင်သလို  ဖြစ်နေတတ်ပါသည်။
 သက်တံရောင် အတောင်ပံများရှိသော          သက်တံ
လိပ်ပြာကို  အမှန်တကယ် မြင်ခဲ့    စကားပြောခဲ့သည်
သို့ မဟုတ်  အိပ်မက်မက်ခဲ့သည်။ ထိုနှစ်ခုမှာ အိပ်မက်
မက်ခြင်းသာလျှင် ဖြစ်ပါလိမ့်မည်။  ကျွန်မ    အိပ်မက်
မက်သည်ဟု ထင်နေသည်များက   တကယ်ဖြစ်နေ
ခြင်းဖြစ်ကာ   တကယ်ဖြစ်နေခြင်းများက      အိပ်မက်
ဖြစ်နေလျှင်  ကျွန်မအတွက်  ပိုကောင်းမည် ထင်သည်။
 လိပ်ပြာတစ်ကောင်နဲ့  စကားပြောနေရင် နေရပါစေ
သို့ မဟုတ်လိပ်ပြာတောင်ပံတွေ ပေါက်ပြီး  လိပ်ပြာတစ်ကောင်ဖြစ်လျှင် ဖြစ်သွားပါစေ။ အခုလက်ရှိဘဝ   အနေအထားကကျွန်မအတွက်
ခါးသီး လွန်းလှသည်။ ဆိုရွားလွန်းသည့်ဘဝ အနေအထားကို     မစဉ်းစားချင်သောကြောင့်
ရွှေလိပ်ပြာသည်  မျက်စိစုံမှိတ်ကာ  အသက်ပြင်းပြင်း
ရှူလိုက်သည်။

      အသက်ပြင်းပြင်း         ရှူသွင်း ရှူထုတ်   ၁၅ကြိမ်မျှ ပြုလုပ်ရင်းဆိပ်လူးပန်းရနံ့များ မွှေးကြိုင်နေသည်ကို   ကျွန်မ သတိထားမိလိုက်သည်။   ခြံစည်းရိုးအစပ်ရှိ      ဆိပ်ဖလူးပင်မှာအပွင့်တွေ ဝေနေပြီ ပဲ။  ငယ်ငယ်တုန်း
က  ဆိပ်ဖလူးပန်းတွေ ကောက်ပြီး သီကုံးခဲ့ဖူးသလား။    ငယ်ငယ်တုန်းက     နေခဲ့တဲ့အိမ်နဲ့  အခု       နေတဲ့အိမ် အတူတူပဲလား   ငယ်ငယ်တုန်းက      ကျွန်မရဲ့ စိတ်ကူး
အိပ်မက်တွေက ဘာလဲ။ အတွေးတစ်ခု   အစပျိုးမိလျှင်    နောက်ထပ်အတွေးများ        ဆက်တိုက်  လိုက်လာပြီး ခေါင်းထဲမှာ ရှုပ်ထွေးလာတော့သည်။      တော်ပြီ၊။
မစဉ်းစား ချင်တော့ဘူး။
     
        ကောင်းကင်ပြာမှာ  မိုးတိမ်တိုက်တွေ ကင်းစင် နေသည်။  ညနေ နေဝင်ဆည်းဆာ   တိမ်တောက်ချိန်
သည်  ပန်းချီဆရာတစ်ဦး      ဆေးချယ်    ရေးဆွဲမမှီ နိုင်
လောက်အောင်  လှပနေပါသည်။  ကျွန်မသည် သဘာဝ
တိမ်ပန်းချီကားချပ်ကို  ငေးကြည့်ရာမှ     လသာဆောင်
တစ်ဘက်စွန်းကို  လှမ်းကြည့်မိစဉ်  ပန်းချီရေးဆွဲနေသော
အသက် ၁၂နှစ် ၁၃နှစု အရွယ်ခန့် ရှိသည့် မိန်းကလေး
တစ်ယောက်ကို  မြင်လိုက်မိသည်။ ထိုအခါ ကျွန်မ အဲဒီ
အသက်အရွယ်မှာ  ဘာတွေလုပ်ခဲ့သလဲ။ ဒီကလေးမ
လေးလို ပန်းချီဆွဲတတ်သလား ဟု  စဉ်းစားကြည့်တော့
ခေါင်းထဲ မူးနောက်နောက် ဖြစ်လာပြန်သည်။  ကျွန်မ
မျက်စိ တစ်ချက်မှိတ်၍ အသက် ခပ်မျှင်းမျှင်း ရှူနေလိုက်
သည်။ မျက်စိကို အနားပေးထားပြီး  ဘာမှဆက်မတွေး
တော့ရန်  ဆုံးဖြတ်ချက်ချလိုက်သည်။  ခဏအကြာ
လသာဆောင် တစ်ဘက်စွန်းကို ကြည့်မိသည်။ ပန်းချီ
ဆွဲနေသော ကောင်မလေးဆိုသည်မှာ  ကျွန်မ၏ အာရုံ
တွင် ပေါ်ပေါက်လာသော ထင်ရောင်ထင်မှာ ဖြစ်မှု တစ်ခု
သာ ဖြစ်သည်။

        ထိုအခိုက်ယုဇနပင်ပေါ်မှ လိပ်ပြာများ အုပ်လိုက်
ထပျံကြသည်။  လိပ်ပြာများသည်            ခပ်ဝေးဝေးကို   ပျံသန်းသွားခြင်း မဟုတ်ပဲ  ပျံသန်းလိုက် ပန်းပွင့်များပေါ်
နားလိုက်ဖြင့်   ပြုလုပ်နေကြလေသည်။ ထို မြင်ကွင်း
သည် ထင်ရောင်ထင်မှား ဖြစ်ခြင်းလား     တကယ်လား
အတိအကျ သေချာသိရအောင် ပြုလုပ်ရမည်။ ကျွန်မ
လက်ထဲမှာ  ရှိသည့် ဖုန်းကင်မရာဖြင့်     လိပ်ပြာများကို
ဓာတ်ပုံ ရိုက်ယူရင်း    စိတ်ထဲတွင်         ကျေနပ်နှစ်သက်
မှုကို  ခံစားမိသည်။
 
           အမှန်တကယ်လား။ ကျွန်မဘာသာ ထင်ရောင် ထင်မှားဖြစ်တာလား သိရှိရန် ဓာတ်ပုံ ရိုက်ယူထားရမည်။ အိပ်မက်တွေကိုဓာတ်ပုံရိုက်လို့ မှ မရတာ။ ဟုတ်တယ် မဟုတ်လား။ဒါ့အပြင် ကျွန်မသူငယ်ချင်းပါလို့  ပြောသည့် ဒေါက်တာမသက်ရီ ( သူ့ နာမည်အမှန်က မသက်ရီ မဟုတ်ပါ။ ကျွန်မသူ့ အမည်ကို မမှတ်မိသောကြောင့် ခေါ်တဲ့အမည်ပါ)က စိတ်ထဲမှာ ပေါ်လာသမျှကို စာဖြင့်  ရေးမှတ်ခိုင်းပါသည်။
နေ့ စဉ်မှတ်တမ်း  ပုံမှန်ရေးပြီး  စိတ်ထဲပေါ်လာသမျှ ချရေး
ထားဟု ပြောပါသည်။ ဒေါက်တာမသက်ရီက မိုးညအိပ်
မက်မြူဝတ္ထုထဲက  စိတ်ပညာရှင်အမည်ပေါ့။ ကျွန်မသူငယ်
ချင်းကလည်း     စိတ်ပညာဖြင့် Ph.D ဘွဲ့ရထားတာ ဆိုတော့  ဒေါက်တာ မသက်ရီ လို ပဲပေါ့။  ကျွန်မက ကျွန်မ
နာမည်ကို လည်း မမှတ်မိသလို  ကျွန်မ မိဘတို့ ၏ နာမည်များကိုလည်း  မမှတ်မိပါ။ ထို့ အတူ ဆွေမျီုးများ သူငယ်ချင်းများ၏ အပည်များကိုလည်း   မမှတ်မိပေ။
ရွှေလိပ်ပြာဆိုသည့် အမည်တောင် သက်တံလိပ်ပြာနှင့်
စကားပြောရင်း  အမှတ်ပြန်ရခြင်းပင်ဖြစ်သည်။ ဒေါက်တာ
မသက်ရိက  ရွှေလိပ်ပြာက အိမ်နာမည် ဖြစ်ပြီး ကျောင်း
ခေါ်အမည် သို့ ပဟုတ် ရုံးသုံးအမည် ကို  စဉ်စားကြည့်ပါ
ဟုပြောပါသည်။ နာမည်များကို   မမှတ်မိဆိုသော်လည်း
ကျွန်မစိတ်ထဲတွင်  အမည်တစ်ခု မကြာခဏ ပေါ်လာတတ်
သည်။ dnaung1975 ဆိုသော စကားစုကို အသံထွက်
သေချာမသိပေ။

            စိတ်ထဲပ်ါလာတာ      ချရေးကြည့်ဆိုသဖြင့် ကျွန်မ
ချရေးကြည့်ပါသည်။
                    dnaung1975@gmail.com
                   mllesgdbutterfly1980@ gmail.com

ဟူ၍  ရေးလိုက်မိသည်။ ဒီလောက်ပဲ တော်ပြီ။ ခေါင်းမူး
ပြီး   အိပ်ချင်သလိုလို ဖြစ်လာသောကြောင့် စာကြည့်ခန်း
မှ   ထွက်ကာ  အိပ်ခန်းထဲသို့  ဝင်လာခဲ့သည်။ အခန်ထဲ
အဝင်မှာ ရွက်လှပင်ပေါ်သို့  အကြည့်တစ်ချက် ရောက်
သွားသည်။   သက်တံလိပ်ပြာ မရှိပါ။      အိပ်မက်ထဲက
 လိပ်ပြာကို  အပြင်မှာ ရှာတွေ့ ပါ့မလား။

             အိပ်ပျော်လုပျော်ခင် အချိန်မှာ       ရွှေလိပ်ပြာဟု
ခေါ်သံ ကြားလိုက်သည်။ မျက်စိဖွင့်ကြည့်ချိန်မှာတော့
သက်တံလိပ်ပြာက ကျွန်မမျက်စိတူရူမှာ ပျံဝဲလို့ ။
ကျွန်မ မအိပ်ခင် သက်တံ လိပ်ပြာ ရောက်လာသလား
ယခု အဖြစ်အပျက်အကုန်လုံသည် အိပ်မက် သက်သက်
လား ဆိုတာ ကျွန်မ သည်းသည်းကွဲကွဲ မသိပါ။ သက်တံ
လိပ်ပြာနှင့် စကားလက်ဆုံ  ပြောရင်း ကျွန်မမေ့နေသော
ကျွန်မအကြောင်းများကို  သူသိသလောက် ပြောပြပေး
ဖို့  ပြောကြည့်လိုက်သည်။

              xxx    xxxxxx  xxxxxx   xxx

                               


           ကျေးငှက်သံ ကျီကျီကျာကျာ ကြားရသည့်အခါ ကျွန်မအိပ်ရာမှ နိုးလာသည်။ ရွက်လှပင်ကို သတိတရ ကြည့်မိသည်။ရွက်လှပန်းရွက်များပေါ်တွင်   သက်တံ လိပ်ပြာ မရှိပါ။ အခန်းတွင်းသို့   ကြည့်လို့ ရသလောက် ခေါင်းစောင်း၍  ကြည့်မိသည်။      အိပ်မက်တစ်ခုပဲပေါ့။
 အိပ်မက်ဟုတ်မဟုတ် သေချာအောင် ဓာတ်ပုံရိုက်ယူ
ရန် စိတ်ကူးထားသော်လည်း  ဓာတ်ပုံ ရိုက်ဖြစ်သလား
မရိုက်ဖြစ်ဘူးလား  ကျွန်မသေချာမသိပါ။ ဓာတ်ပုံမရိုက်
ဖြစ်သော်လည်း မှတ်စုစာအုပ်ထဲတွင် သက်တံလိပ်ပြာ
နှင့်  စကားပြောရင်း အချက်အလက်အချို့  ရေးမှတ်ခဲ့
သည်ကို အမှတ်ရသည်။ ဘာတွေ  ရေးထားခဲ့သလဲ    သွားကြည့်ရမည်။  မှတ်စုစာအုပ်      ဘယ်မှာထားခဲ့မိပါ
လိမ့်။ စာကြည့်စားပွဲပေါ်မှာ ရှိလိမ့်မည် ထင်သည်။
စာကြည့်စားပွဲကို သွား၍  မှတ်စုစာအုပ်ကို သွားရှာရန်
ကုတင်ပေါ်မှ ဆင်းရန် ပြင်လိုက်သည်။ ကျွန်မ၏
ခြေထောက်အစုံသည် လှုပ်ရှား၍ မရပါ။ မဟုတ်သေး
ပါဘူး။ မနေ့ကတောင် ခြေထောက်တွေ ကောင်းခဲ့တယ်
မဟုတ်ဘူးလား။ ဟင့်အင်း။ ကျွန်မ သေချာမမှတ်မိပါ။
မနေ့ က ကျွန်မ၏ လှုပ်ရှားမှု အစုစုကို       ကျွန်မသေချာ
မမှတ်မိတော့ပါ။ နောက်တစ်ကြိမ်     ထပ်ကြိုးစားကြည့်
ဖို့  ကျွန်မ၏ ကိုယ်ခန္ဓာကို         ပက်လက်အနေအထားမှ
ဘေးတစ်စောင်း စောင်းကြည့်ရမည်။        တဖြည်းဖြည်း
စောင်း၍  ရလာသောအခါ  ခြေထောက်နှစ်ဘက်ကို
ကြမ်းပြင်ပေါ်သို့  လွှဲချလိုက်စဉ် ကုတင်ပေါ်မှ လှိမ့်ချလိုက်
သလို ပြုတ်ကြသွားတော့သည်။

          အခန်းတံခါးပွင့်သွားပြီး  အခန်းထဲသို့  မိန်းကလေး
တစ်ယောက်ပြေးဝင်လာသည်။   ကျွန်မကို ပွေ့ ချီလိုက်
သည့် အချိန်မှာပဲ  အမျိုးသား တစ်ယောက် နှင့် အမျိုးသမီးတစ်ယောက်  ဝင်လာသည်။အမျိုးသားကို ဘယ်သူမှန်း မမှတ်မိသော်လည်း   အမျိုးသမီးကို မြင်သည်နှင့်  ကျွန်မနှုတ်မှ" မမခင်ခင်" ဟု  ခေါ်လိုက်မိ သည်။ "မမခင်ခင်ဟုတ်ပါတယ်နော် "ဟု ထပ်ပြောလိုက်
ချိန်မှာတော့

 "ဟယ်  လိပ်ပြာလေးက မမခင်ခင်ကို မှတ်မိတယ်နော်။
မတွေ့ တာ နှစ်ဒီလောက်ကြာနေတာ။ လိပ်ပြာလေး
ဘာမှ အားမငယ်နဲ့  မမခင်ခင် ရှိတယ်။ ဘာမှ မဖြစ်ဘူး
နေကောင်းသွားမှာ.…ကောင်းသွားမှာ"
   
     မမခင်ခင်က ကရားရေလွှတ်သလို စကားများပြောသလို
လက်ကလည်း ကျွန်မကို ပွေ့ ဖက်လိုက်သည်။ ထို့ နောက် အတူလာသူ အမျိုးသားကို  ကုတင်ပေါ်သို့  ပွေ့ ချီပြီး တင်
ခိုင်းပြီးနောက် ကျွန်မကို   ထို အမျိုးသားနှင့် ကျွန်မသည်
မောင်နှမဝမ်းကွဲတော်စပ်ကြောင်းနှင့် သူ့ ကို မောင်မောင်ဟု ခေါ်ရန်ပြောသည်။ ကျွန်မ ထိုသူကို မမှတ်မိပါ။ ကျွန်မထက် အသက်ငယ်သည်ဆိုသော်လည်း  သူ့ ရုပ်သွင်ပြင်သည်
 အသက်ကြီးသည့်   ပုံစံပေါက်နေပေသည်။ ကျွန်မအသက် ဘယ်လောက်ရှိနေပြီလဲ ကျွန်မ မသိပါ။
မမခင်ခင်က ကျွန်မမိဘများက မွေးစားခဲ့သော မွေးစားသမီး
ဖြစ်သည်။ ကျွန်မဘဝနှင့် စပ်လျဉ်းသည့် အကြောင်းခြင်းရာ
ပေါင်းများစွာကို မေ့လျော့နေသည့်  အခြေအနေမှ အတန် ငယ် ပြန်လည်မှတ်မိလာသည့်အတွက် ကျွန်မ အားတက်
မိသည်။ မမခင်ခင်ဆီက တစ်ချို့ အကြောင်းအရာတွေ
သိရအောင် မေးမြန်းပြီး မှတ်ဉာဏ်ပွင့်အောင် လုပ်မည်။
ဒါပေမဲ့ မမခင်ခင်က ဘာလို့  အသက်ကြီးပြီး အိုတဲ့ပုံ
ပေါက်နေပါလိမ့်။

 " မမခင်ခင်…မှန်ယူခဲ့ပါ။ လိပ်ပြာ…မှန်ကြည့်ချင်တယ်"

ကျွန်မမျက်နှာကိုကျွန်မ ဘယ်တုန်းက  နောက်ဆုံးမြင်ခဲ့
သလဲ ဆိုတာ ကျွန်မ မသိပါ။ ကျွန်မမျက်နှာကို   ကျွန်မ မှတ်မိပါ့မလား။ ကျွန်မ၏ ပိန်လှီသော လက်ချောင်းများကို ငေးကြည့်မိသည်။ထိုလက်အစုံဖြင့် မျက်နှာကို ပွတ်သပ်မိ သည်။ အခန်းပတ်ပတ်လည်ကို    အကဲခတ်ကြည့်လိုက်
မိသည်။ အခန်းထဲမှာ မှန်တစ်ချပ်မျှ မရှိ။  မမခင်ခင် ၏
မျက်နှာပေါ်တွင်  ထူးဆန်းသည့်    အရိပ်အရောင် တစ်ခု
မြင်လိုက်ရကသည်။ အောက်ပိုင်းက  လှုပ်ရှားမရဖြစ်နေ
သည့်အပြင် သည်မျက်နှာပေါ်တွင် ဘယ်လို ထူးခြားသော
ပြောင်းလဲမှုတွေ  ရှိနေပါသေးလဲ။ အတွေးများကြောင့်
စိတ်ရှုပ်ထွေးလာကာ ခေါင်းများကိုက်လာသည်။
ံ်
   " မမခင်ခင်  မှန်ယူမလာနဲ့တော့
      မျက်နှာ သစ်ဖို့  ပြင်ပေးပါ"  ဟုပြောလိုက်တော့
စိတ်သက်သာရာ ရသွားသည့် ပုံစံပေါက်သွားသည့်
မမခင်ခင်၏ မျက်နှာကို  ကျွန်မ စူးစူးစိုက်စိုက် ကြည့်ရင်
ပြုံးပြလိုက်သည်။ မမခင်ခင်သည်     ကျွန်မအမည်
မှတ်မိ သည့် တစ်ဦးတည်းသောသူဖြစ်သည်။ ကျွန်မ
ဘဝကို  ပြန်လည်အမှတ်ရဖို့  မမခင်ခင်ကနေ အစပြု
ရမည်။
           
       မျက်နှာသစ်ဖို့   ရေဇလုံကို  တင်ရန် ကုတင်နှင့် တွဲ
လျက်ရှိနေသည့်  စားပွဲကို ဆွဲထုတ်လိုက်သည်ကို ကြည့်ပြီး သည်ပုံစံဖြင့် မျက်နှာသစ်ခဲ့ရတာ အကြိမ်ရေ
ဘယ်လောက်များများ ရှိခဲ့ပြီလဲ မသိ။ ဆေးရုံကုတင်ပဲ။
ဒီကုတင်ပေါ်မှာ ရက်ပေါင်း မည်မျှလဲလျောင်း  အိပ်စက်
ခဲ့ရသလဲ  ဆိုတာလည်း  ကျွန်မမသိပါ။         ရွှေလိပ်ပြာ
အမည်ရှိ  ကျွန်မသည် ဘဝတစ်လျှောက်မှာ   ဘယ်ပုံ
ဘယ်နည်း    ပျံသန်းလှုပ်ရှား              ရှင်သန်ခဲ့စေကာမူ
 ယခုအချိန်တွင်  ပိုးတုံးလုံးဘဝ တဖန် ပြန်၍  ရောက်ရှိ
နေပြီ ။  အတောင်ပံတွေ  တဖန် ပြန်လည်ရရှိပြီး ပျံသန်းနိုင်မည်လား                သို့ တည်းမဟုတ်
ပိုးတုံးလုံး တစ်ကောင်အတိုင်း        လဲလျောင်းလျက် စက္ကန့် မိနစ် နာရီ ရက် လ             နှစ်ကာလများစွာကို
ပျင်းရိငြီးငွေ့စွာ  အဓိပ္ပာယ်မရှိ      နေထိုင်သွားမည်လား
ဟု တွေးမိသောအခါ   ရင်ထဲမှာ                နာကျင်လျက်
မျက်ရည်များ တစ်သွင်သွင် စီးကျလာပါတော့သည်။

                      cccxxxcccxxx

            "ရွှေလိပ်ပြာ…… ထတော့
             ရွှေလိပ်ပြာ…… ထတော့
              ရွှေလိပ်ပြာ"

  သက်တံလိပ်ပြာ ရောက်လာပြီး  ကျွန်မကို နှိုးနေပြီ။
မျက်လုံးကို အသာအယာဖွင့်လိုက်တော့ ကျွန်မ နှာခေါင်း
ပေါ်တွင် နားနေသည့် သက်တံလိပ်ပြာက ထပျံသွားသည်။
ကျွန်မ အိပ်ရာထဲမှ အလျင်အမြန် လူးလဲ ထလိုက်ပြီး
သက်တံလိပ်ပြာကို

  "  နေပါဦး     သက်တံလိပ်ပြာ။
ကျွန်မ ရှင့်ကို မေးချင်တာတွေ ရှိသေးတယ်။
ပြီးတော့ ပြောစရာတွေလည်း ရှိတယ်" ဟု လှမ်းပြောလိုက်
သည်။  သက်တံလိပ်ပြာက      ရွက်လှပန်းရွက်ပေါ်တွင်
ခိုနားရင်း  ကျွန်မကို ဤကဲ့သို့  ပြန်ပြောသည်။

 "ရွှေလိပ်ပြာ  မင်းမေးမယ့် မေးခွန်းတစ်ချို့ကို  ငါဖြေ
မပေးနိုင်ဘူး။ အဖြေတွေကို မသိလို့ တော့ မဟုတ်ဘူး။
တစ်ချို့ မေးခွန်းတွေက မင်းဘာသာမင်း   ပြန်မေးပြီး
အဖြေရှာရမှာ။ ငါ အခုလာတာက လိပ်ပြာတစ်ကောင်လို ပျံသန်းချင်တဲ့ ဆန္ဒကို  ပြည့်အောင် ကူညီဖို့ ပဲ။ မင်းမှာ
လိပ်ပြာဖြစ်ချင်တဲ့ ဆန္ဒ မရှိဘူးဆိုရင် ငါ မင်းဆီ လာပြီး
ခုလို  စကားပြောနေစရာ  အကြောင်းမရှိဘူး။"

     " ကျွန်မ  မမှတ်မိတဲ့ အကြောင်းတွေကို ရှင်နဲ့ စကား
ပြောရင်း ပြန်သတိရလာတာတော့ အမှန်ပဲ။   ဒါပေမဲ့
လိပ်ပြာနဲ လူနဲ့  စကားတွေ    ပြောလို့ ရတယ်ဆိုတာ
ကတော့  အိပ်မက်ပဲ ဖြစ်မှာပေါ့။ "

ကျွန်မစကားကို  သက်တံလိပ်ပြာက ကြားဖြတ်ကာ
ပြောသည့် စကားသံကို ကြားလိုက်ရချိန်မှာတော့
ကျွန်မ တုန် လှုပ် သွားမိပါသည်။  သက်တံလိပ်ပြာ၏
ပြောစကားသည် ကျွန်မနားထဲတွင် ပဲ့တင်ထပ်၍
နေပါတော့သည်။


"မင်းအသက်၄၀ ဖြစ်လာတဲ့ အချိန်ကာလအတွင်းမှာ
တစ်ခြားလူတစ်ယောက်ကို ပြောပြလို့  မယုံနိုင်မယ့် မဖြစ်နိုင်ဘူးဆိုတဲ့ အဖြစ်အပျက်မျိုး တစ်ခါမှ  မကြုံဖူးဘူးလား    ရွှေနှင်းဆီ"

"အိုး   ကျွန်မအသက်၄၀တောင် ရှိနေပြီလား။ကျွန်မ အသက် အဲဒီလောက်တောင် ကြီးသွားပြီလား။
မှတ်ဉာဏ်တွေ ပျက်စီးပြီး သုံးစားမရတော့တဲ့ဘဝနဲ့ အသက်က ၄၀တဲ့။ကျွန်မ ဒီဘဝမှာ မနေချင်တော့ဘူး။ ကျွန်မကို  လိပ်ပြာ ဖြစ်အောင်ပဲ  လုပ်ပေးတော့။ ကျွန်မ လိပ်ပြာတစ်ကောင်လိုပဲ လှလှပပလေးနေ
ပန်းကလေးတွေရဲ့  ပွင့်ချပ်တွေပေါ်မှာ နားလိုက်။ ပန်းဝတ်ရည်တွေစုပ်လိုက်နေတော့မယ်။ ပြီးတော့
သက်တမ်းကလည်း သိပ်မရှည်ဘူး။ လှလှပပ
ပျော်သလိုနေပြီး မြန်မြန်သေ အေးတာပဲ။ "

   ကျွန်မပြောစကားကို နားထောင်ပြီး သက်တံလိပ်ပြာက
ဟက်ဟက်ပက်ပက်     ရယ်လေသည်။     ကျွန်မလည်း
သက်တံလိပ်ပြာနှင့် အတူ    လိုက်ပါရယ်မောရင်း  အဖြစ်
အပျက်တစ်ခုကို  အမှတ်ရမိပါသည်။  တကယ်တန်းပြော
ရရင်တော့ အဖြစ်အပျက်များလို့  ပြောရမလားပဲ။  ကျွန်မ
က     တစ်ချို့ အဖြစ်အပျက်တွေ        မဖြစ်ခင်   အဲဒီလို ဖြစ်တော့မယ်ဆိုတာကြိုသိနေခဲ့ဖူးပါသည်။      တစ်ခြား
လူတွေနှင့်    ပတ်သက်ပြီး    သိပ်အမှတ် မထားမိပေမယ့်
ကျွန်မဘဝ၏    အချို့ သော          အဖြစ်အပျက်များသည်   အိပ်မက်ထဲကအတိုင်း  တစ်သွေမတိမ်း    ပြန်ဖြစ်တတ်ပါ သည်။

"ဟင့်အင်း… အားလုံးတော့ အဲလို မဟုတ်ဘူး။
ဒီအဖြစ်အပျက်ကို  ကျွန်မသိတယ်… ဒီစကားကို ကြားဖူး
တယ် …အဲဒါနဲ့ စဉ်းစားတယ်။ အဲဒီအခါကျတော့  အိပ်မက်
မက်ဖူးတာလို့   မှတ်မိသွားတယ် "
သက်တံလိပ်ပြာက ဘာမှမမေးခင်  ထိုသို့ ဆက်ပြောလိုက်
မိသည်။

    '' ဒါကြောင့်  မနက်အိပ်ရာနိုးတာနဲ့ အိပ်မက်တွေကို
ပြန်စဉ်းစားပြီး  ရေးမှတ်တဲ့ အကျင့်ရလာတယ်။
ဟုတ်တယ်။ ကျွန်မမှာ  အိပ်မက်တွေကို  မှတ်တမ်းတင်
ထားတဲ့  မှတ်စု စာအုပ်တွေ  ရှိတယ်။ အခု အဲဒီအကြောင်း
ပြန်မှတ်မိသွားတာ  ကောင်းလိုက်တာ"

        အကယ်၍  သက်တံလိပ်ပြာနှင့်    တွေ့ ဆုံခြင်းသည် အိပ်မက်တစ်ခုဖြစ်နေပါက ကျွန်မ၏ အိပ်မက်မှတ်တမ် ထဲတွင်  အိပ်မက်အသစ်အဖြစ်    ရေးသွင်း ရမည်။
ကျွန်မ၏  အိပ်မက်မှတ်တမ်း၌    သက်တံလိပ်ပြာနှင့်
တွေ့ ဆုံခြင်းမှတ်တမ်းရှိနေပါလျှင် ယခုဖြစ်ပျက်နေသည့်
အဖြစ်အပျက်များသည်  ကျွန်မ၏ အိပ်မက်ထဲကအတိုင်း
တစ်သွေမတိမ်း ပြန်ဖြစ်သည့် ဖြစ်စဉ် တစ်ခုပဲပေါ့။


    xxxxxxxxx     xxxxxxxxxx     xxxxxxxxx
 

                                     အခန်း  ၂


 အမည်_ မိုးထွဋ်ရွှေရည်

ငယ်နာမည်_ရွှေလိပ်ပြာ

 အသက်_ ၁၃နှစ်

အဘအမည်_  ဦးမိုးထွဋ်

အမိအမည်_ ဒေါ် မြမြခိုင်

           ဒေါက်တာ သက်သက်မြိုင်သည်   ရွှေလိပ်ပြာ၏ ဆေးကုသမှု မှတ်တမ်းအဟောင်းကို    မိမိဆရာဖြစ်သူ
ဒေါက်တာ ဉာဏ်ထွန်းကျော်ထံမှ    ယူဆောင်လာကာ အထပ်ထပ် အခါခါ ဖတ်ရှု လေ့လာ သုံးသပ်နေပါသည်။
မှတ်တမ်းအဖုံးပေါ်ရှိ မိုးထွဋ်ရွှေရည် အမည်ရှိ သူငယ်ချင်း
မလေး၏ ပုံရိပ်များကိုလည်း ပြန်မြင်ယောင်လာမိသည်။
၉တန်း ၁၀တန်းစာသင်နှစ်  နှစ်နှစ် အတူတူတက်ခဲ့စဉ်က
ဤသို့ စိတ်ရောဂါ ဝေဒနာခံစားဖူးသူဟု ထင်စရာမရှိပါ။
အနေအထိုင် အေးဆေးကာ စာကြိုးစားသူ စာတော်သူ
တစ်ယောက်   ဖြစ်သည်။       အပေါင်းအသင်းနည်းပြီး အစဉ်အမြဲ                        စာအုပ်နှင့်     မျက်နှာအပ်ကာ သည်းသည်းမည်းမည်း    စာဖတ်သူတစ်ယောက်ပင်။
       .     ရွှေလိပ်ပြာ၏   ဘဝဖြစ်စဉ်ကို    သူမထက်    ပိုပြီး သိနေသူ      အနည်းအကျဉ်းတွင်  မိမိ အပါအဝင်ဖြစ်ပြီး   ယခုအချိန်တွင်  ရွှေလိပ်ပြာက မိမိကို  ယုံကြည်အားထား လာရန်  အထူးတလည် ကြိုးပမ်းနေ ရပေသည်။ သို့ သော်     လောလောဆယ်မှာ   သူမက မိမိအမည်ကိုပင်  အသေအချာ      မမှတ်မိသေးသော   အခြေအနေသို့  ဆိုက်ရောက်နေပေသည်။  ဆေးကုသမှု မှတ်တမ်းများအရ  ကျောင်းတစ်နှစ်နားပြီး       ရောဂါပြန်ကောင်းသွားချိန်တွင်  ကျောင်းပြောင်းရွှေ့ ကာ    မိမိတို့      ကျောင်းသို့ ရောက်ရှိ လာခြင်း ဖြစ်ပေသည်။   ၉တန်းမှာ  ထူးထူးချွန်ချွန်ရှိသော်  လည်း    ၁၀တန်းမှာတော့  ဂုဏ်ထူးမထွက်ပဲ   ရိုးရိုးသာ
အောင်သည်။
                ဒေါက်တာသက်သက်မြိုင်သည်          အိမ်ရှေ့
ဆင်ဝင်အောက်သို့        ကားဆိုက်လာသည့်  အသံကြား
သဖြင့်  ဆီးကြိုရန်   စာကြည့်ခန်းမှ အိမ်ရှေ့ သို့  ထွက်လာ
လိုက်သည်။    ရွှေလိပ်ပြာလာမည့်   အချိန်ရောက်နေပြီ
 မဟုတ်လား။



xxxxxxxx    xxxxxxxxxxxxxx   xxxxxxxx


                   '   ရွှေလိပ်ပြာ…  နေကောင်းတယ်နော်''

 " နေကောင်းပါတယ် သက်သက်မြိုင်။ကိုယ့်အတိတ်ပုံရိပ်
 တွေကို  သိပ်များများစားစား အမှတ်မရေတာရယ် ခြေထောက်တွေလှုပ်မရဖြစ်နေတာရယ်က လွဲရင်ပေါ့ "
              ရွှေလိပ်ပြာက  သက်သက်မြိုင်ဟု   သူမအမည်အား   အပြည့်အစုံ ခေါ်လိုက်သည်ကို  သတိထားလိုက်မိသည်။လွန်ခဲ့သော ၃ရက်က  ရွှေလိပ်ပြာကို Medical check  up လုပ်ပေးခဲ့သည်။  ရွှေလိပ်ပြာ၏ နေအိမ်မှာပင် စစ်ဆေးမှု အချို့  ပြုလုပ်ပေးနိုင်ခဲ့ပေမယ့်  CT Scan စစ်ဆေးရန်   ဒီကနေ့  ချိန်းထားခြင်းဖြစ်သည်။ CT scanအတွက်  ပင်လုံဆေးရုံသို့  သွားရမည်ဖြစ်သည်။ ရွှေလိပ်ပြာသည်
ဝှီးချဲပေါ်မှ  ဧည့်ခန်းပတ်ပတ်လည်ကို  လိုက်လံကြည့်ရှု
နေသည်။  ဧည့်ခန်းထောင့်ရှိ  ပီယာနိဆီသို့  သွားကာ
ပီယာနို ခလုတ်တွေကို  ထိကြည့်နေရာ

  " စန္ဒရား တီး ချင်ရင် တီးလေ ရွှေလိပ်ပြာ။ ကိုယ် မတီး
ဖြစ်တော့ပေမယ့်  ဖေဖေ့ အမွေဆိုတော့
ဒီစန္ဒယားကို  ဂရုတစိုက် ထိန်းသိမ်းထားတာ"
ဟု  ဒေါက်တာ သက်သက်မြိုင်က ရွှေလိပ်ပြာကို
စူးစူးစိုက်စိုက် ကြည့်၍   ပြောလိုက်သည်။ ရွှေလိပ်ပြာက
တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေသလို
စန္ဒယား ကို အသံထွက်အောင် မတီးပဲ ပွတ်သပ်ကြည့်
နေသည်။ ထို့ နောက်  သူမကို  လှမ်းကြည့်ရင်း
     
         "ကိုယ်၈တန်းစာမေးပွဲဖြေပြီး မေမြို့ ကနေ ပြန်လာကာစမှာပေါ့။ အိမ်မှာ  ဆရာခေါ်ပြီး ပီယာနို အတီး
သင်ခဲ့တယ်။  ကိုယ်အတီးချင်ဆုံး တူရိယာ တစ်ခုပါ။
ဒါကြောင့်လည်း  သေသေချာချာ သင်မယ်လို့  ဆုံးဖြတ်
ထားပေမယ့်  ကိုယ်သေချာ ဆက်မသင်ဖြစ်ဘူး။ အဲဒီ
အကြောင်းတွေ မင်းသိတယ်မလား ……"
ရွှေလိပ်ပြာက ဒေါက်တာ သက်သက်မြိုင်ကို
မေးခွန်းထုတ်ရင်း စကားကို  အဆုံးသတ်လိုက်သည်။

       " ကိုယ် သိသင့်သလောက် သိပေမယ့်  ဟိုတုန်းက
မင်းပြောမပြဖြစ်တဲ့ အကြောင်းတွေကို မင်း ကိုယ့်ကို
ရင်ဖွင့်နိုင်ပါတယ်။ မင်းမှတ်မိလာတာတွေ ပြန်ပြောပြ
စေချင်တယ် ရွှေလိပ်ပြာ။ အခု မင်းကိုယ့်ကို  ဒေါက်တာ
မသက်ရီလို့  မခေါ်တော့တာနဲ့တင် ကိုယ် တော်တော်
ဝမ်းသာတယ်"
" ကိုယ့် ငယ်ဘဝတုန်းက  အကြောင်းတော်တော်များများ ကိုတော့ ပြန်ပြီး မှတ်မိလာပါပြီ။
ပြန်မှတ်မိလာတာတွေ ရေးထားတာ မင်းဖတ်ဖို့ 
ကိုယ်ယူလာတယ်။ ဒါပေမဲ့  ကိုယ့်ဘဝကို ကိုယ်မေ့
နေတာကမှ ပို ကောင်းဦးမယ်လို့  တွေးမိတယ်"

      ရွှေလိပ်ပြာက  ဒေါက်တာ သက်သက်မြိုင်စကား အဆုံးမသတ်ခင်ကြား ဖြတ်ပြီး  ပြောလိုက်သည်။
ထို့နောက်  Note Book တစ်အုပ်ကို ကိုင်ထားသော
အိတ်ထဲမှ ထုတ်ပေးလေသည်။ ဒေါက်တာသက်သက်မြိုင်သည် ဝှီးချဲခြေနင်းပေါ်ရှိ
ရွှေလိပ်ပြာ၏ ခြေဖမိုးအစုံကို ငေးစိုက်ကြည့်မိသည်။
ဆွတ်ဆွတ်ဖြူဖွေးသည့် အသားအရောင်သည် အပြင်
မထွက်တာ ကြာသဖြင့်  ပိုဖြူနေသည်ဟု ထင်ရသည်။
သေသေသပ်သပ်လှီးဖြတ်ထားသည့်  ခြေသည်းရှည်
များ ပေါ်တွင်  ရွှေရောင်လိပ်ပြာပုံလေးများ ဖော်ထား
သည်။ ခြေမနှင့် ခြေညှိုးကြားက ခြေညှပ်မှ နေကြာပွင့်
ဝါဝါနှင့် လိုက်ဖက်လှပေသည်။  နက်ပြာရောင် အမရပူရ
ထွက် ချည်လုံခြည်မှာ ရွှေရောင် ပန်းပွင့်မှာ ရွှေလိပ်ပြာ
တွေ နားနေသည့် အဆင်ဒီဇိုင်းက  စက်ပန်းထိုးမဟုတ်
ပဲ လက်ဖြင့် ထိုးထားသော ကိုယ်ပိုင်ဒီဇိုင်း တစ်ထည်သာ
ရှိသည့် လုံ ချည်ဖြစ်သည်။  ပိုးသားအဖြူရောင် အင်္ကျီ
က ရှမ်းရိုးရာ အင်္ကျီပုံစံ ချုပ်ဝတ်ထားသည်။ ဆံပင်ကို
ဘေးတစ်စောင်းသိမ်းပြီး ကျစ်ဆံမြီးကျစ်ထားသည်။
အဝတ်အစား အဆင်အပြင် ဗမာဆန်ဆန်ဝတ်စားသည့်
အလေ့အထက စွဲမြဲနေသည်ကတော့  ချီးကျူးစရာ
ကောင်းပါသည်။  ဒေါက်တာ သက်သက်မြိုင်အနေဖြင့်
ရွှေလိပ်ပြာငယ်စဉ်က စိတ်ကစဥ့်ကလျားရောဂါ ဖြစ်ဖူး
သည့် မှတ်တမ်းရှိသော်လည်း ယခုလက်ရှိရွှေလိပ်ပြာတွင် စိတ်ကစဥ့်ကလျားရောဂါ ပြန်ဖြစ်သည်ဟု တရားသေ
ကောက်ချက်ချ၍ မရသောကြောင့် ဦးခေါင်းတွင် ခိုက်မိ
ဒဏ်ရာရှိမရှိ CT Scan  သွားရောက် ရိုက်ကူးရန်
ရွှေလိပ်ပြာနှင့်အတူ ပင်လုံဆေးရုံသို့  ထွက်လာပါသည်။

          xxxxxxxxxccccccccxxxxxcccccxxxccc



         

ဆက်ရန်



ရွှေလိပ်ပြာက စစ်ပွဲမှာ ကောက်ရခဲ့တဲ့ အနောက်တိုင်းသွေးအပြည့် သို့ မဟုတ် တစ်ဝက် ပါနေနိုင်တဲ့ ကလေး တစ်ယောက်။ ဒီကလေးကို တပ်ရင်းမှူး တစ်ယောက်က မွေးစား ခဲ့တယ်။ ကလေးမရနိုင်တဲ့ တပ်ရင်းမှူးကတော်က ရွှေလိပ်ပြာကို သမီးအရင်းလို ချစ်သလောက် သူကိုယ်တိုင် မွေးဖွားခဲ့သလို လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်ဇာတ်လမ်းက ရွှေလိပ်ပြာအတွက် အမှန်တရားကို လက်သင့် မခံနိုင်ဖြစ်စေခဲ့တယ်။ ပျိုဖော်ဝင်စအချိန်မှာ မိခင်အရင်းလို့  မှတ်ထင် ထားတဲ့ မွေးစားမိခင်သေဆုံးမှု တစ်ပြိုင်တည်းမှာပဲ မွေးစားသမီးဆို တဲ့အဖြစ်မှန်ကို သိလိုက်ရတဲ့ အတွက် စိတ်ထိခိုက်ပြီး စကီဇိုဖီးနီးယား စိတ်ကစဥ့်ကလျားရောဂါ ( Schizophrenia) ဖြစ်ခဲ့သူ ဖြစ်သည်။ စိတ်ကစဥ့်ကလျားရောဂါ ( Schizophrenia ) သည် ကမ္ဘာတစ်ဝှမ်းတွင် လူပေါင်း ၂၄သန်းတွင်ဖြစ်ပွား နေပြီး လူတစ်ထောင်တွင် ၇ဦးနှုန်း ဖြစ်နေသည့် စိတ်ရောဂါတစ်မျိုး ဖြစ်ပြီး ထိုရောဂါဖြစ်ပွားလျှင် မရှိသည့်အရာများကို ရှိသည်ဟုထင်ခြင်း၊ တွေးတောမှု မူမမှန်ခြင်းနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုမူမမှန်ခြင်း ဖြစ် လေ့ရှိသည်။